ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း အပိုင်း (၄)

မဲသရောထ ကြေငြာစာတမ်းပါ အချက် (၆) ချက်သည် စစ်မှန်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်လိုသူများ မငြင်းပယ်နိုင်သည့် အချက်ကြီး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ၎င်းအချက်များကို အများပြည်သူ ရှေ့မှောက်တွင် ဖတ်ပြပြီး ထောက်ခံခဲ့ သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသားခေါင်းဆောင်များက ချစ်ခင်လေးစား ထောက်ခံကြသည်ဟုဆိုလျှင် မမှားနိုင်ပါ။

၂၁ ရာစု ပင်လုံစာချုပ်ဟု ဆိုရာ၌ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်နှင့် တူနိုင်တော့မည် မဟုတ်ပါ။ သို့ရာတွင် အဓိကမူဖြစ်သော-
(၁) တန်းတူညီမျှရေး။
(၂) ကိုယ်ပိုင်ပြဋ္ဌါန်းခွင့် ရရှိရေး။
(၃) စစ်မှန်သော ဖယ်ဒရယ်နိုင်ငံတော်ကြီး တည်ဆောက်ရေးဆိုသည့် မူများကိုတော့ ပြောင်းလဲနိုင်မည် မဟုတ် သလို၊ ငြင်းပယ်လို့လည်း မရနိုင်ပါ။ ၁၉၄၇ စာချုပ်တွင် ပါရှိသည့် “ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်” ကို ယနေ့ တိုင်းရင်းသားခေါင်းဆောင်များက ပစ်ပယ်လိုက်ပြီး ပြည်ထောင်စုကြီးအဖြစ် မခွဲမခွာဘဲ ရပ်တည်သွားမည်ဖြစ်ကြောင်း NDF (National Democratic Front) တွင် ပါဝင်သည့် တိုင်းရင်းသား အဖွဲ့အစည်းများက အတိအလင်း ထုတ်ဖေါ်ပြောကြားခဲ့ပြီးဖြစ်သည်။ထိုအချက်သည်ဗမာလူမျိုးများဘက်မှတိုင်းပြည်ပြိုကွဲမည်ကို စိုးရိမ်ကြောင့်ကျနေသော စိတ်ကို ငြိမ်းအေးသက်သာရာရစေသည်ဟုမြင်သည်။

ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း အပိုင်း ( ၃ )


နိုင်ငံတော်အမည် ပြဿနာ

မွန်ကိုယ်စားလှယ် တင်ပြချက်သည် ဗမာလူမျိုးများအားလုံး စဉ်းစားရမည့် အချက်ဖြစ်ပါသည်။ မြန်မာဟုဆိုဆို ဗမာဟုဆိုဆို ၎င်းနံမည်သည် ဗမာလူမျိုးများကို အဓိက ဇောင်းပေး မှည့်ခေါ်ထားသော နံမည်ဖြစ်ပါသည်။ ထိုကြောင့် အများသဘောတူသည့် နိုင်ငံ့အမည်ကို အနာဂါတ် ခေါင်းဆောင်များ စဉ်းစားဘို့လိုလာပါသည်။ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ချင်လျှင် ဗမာလွှမ်းမိုးမှုကို ပယ်ဖျက်ရာ၌ နိုင်ငံအမည်သည်လည်း အဓိက ပြောင်းလဲရန် လိုအပ်နေသည်ဟု ထင်ပါသည်။